International News

ရုရှားနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု ၅.၀၃ ရာခိုင်နှုန်းတိုးလာခဲ့

Last Updated:

လက်ရှိငွေကြေးလဲလှယ်မှုစျေးနှုန်းအရ ရုရှားနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုသည် ဩဂုတ်လ ၂၈ ရက်နေ့အထိ ၄.၈၈ ရာခိုင်နှုန်းရှိခဲ့ရာမှု ယခုအချိန်တွင် ၅.၀၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ သုံးသပ်ချက်အရ သိရှိရပါသည်။

အစားအသောက်ထုတ်လုပ်မှုအပိုင်းတွင် ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် ယခင်ရက်သတ္တပတ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၀.၀၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအချိန်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၀.၀၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း RAI သတင်းဌာနမှလည်း သုံးသပ်ထားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ပြောကြားချက်အရ စားသောက်ကုန်များစျေးနှုန်းတိုးမြင့်လာမှုမှာယခင်ရက်သတ္တပတ် စျေးနှုန်းအတိုင်း ၀.၂၁ ရာခိုင်နှုန်းရှိနေသေးကြောင်း၊ သကြား၊ ကြက်ဥ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ပါစတာနှင့် စားသောက်ဖွယ်ရာအချို့စျေးနှုန်းတိုးမြင့်လာနှုန်းမှာ အရှိန်အနည်းငယ်လျော့လာကြောင်း၊ အသားထွက်ကုန်များမှာ ဆက်လက်၍ စျေးနှုန်းမြင့်တက် နေကြောင်း၊ ဂျုံမှုန့်၊ မုန့်အချိုစျေးနှုန်းများမှာလည်း မြင့်တက်လာကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများစျေးနှုန်းတက်လာမှုသည် အရှိန်လျော့ကျလာသဖြင့် ထည့်တွက်ရန်မလိုကြောင်း၊ မော်တော်ကားစျေးနှုန်းတိုးမြင့်လာမှုများမှာလည်း အရှိန်လျော့ကျလာကြောင်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးရုံသုံးပစ္စည်းများစျေးနှုန်းမြင့်တက်မှုနှုန်းမှာ ပိုမိုတိုးလာကြောင်း သိရှိရပါသည်။

ရုရှားဗဟိုဘဏ်မှ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၅ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov မှ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး၊ တာဝန်ရှိသူများအနေဖြင့် လာမည့်နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းအား ၄ ရာခိုင်နှုန်းထိလျော့ကျစေရန် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Source: https://ria.ru/20230830/inflyatsiya-1893251832.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News